ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမားဖြစ်တဲ့ ဘန်ချီဝဲလ်က ဒီနှစ်ဘောလုံးရာသီအတွင်း သူတို့ချယ်လ်ဆီးအသင်းအနေနဲ့ ရယူလို့ ရနိုင်သေးတဲ့ ဆုဖလားတွေဖြစ်တဲ့ ဥရောပချန်ပီယံလိဂ်ဖလားနဲ့ အက်အေဖလား ဒီဆုဖလား(၂)ခုလုံးကို သိမ်းပိုက်ရယူသွားဖို့အတွက် ဖြစ်နိုင်ခြေက ရာနှုန်းပြည့် ရှိနေတယ်လို့ ယုံကြည်ချက်အပြည့်နဲ့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Express

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်မှုတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း အသင်းကို နည်းပြသစ် သောမတ်စ်တူဟယ်လ် ရောက်ရှိလာချိန်မှာတော့ ချယ်လ်ဆီးရဲ့ ရလဒ်တွေက ပြိုင်ပွဲစုံအထိပါ ဆက်တိုက်ကောင်းမွန်လာခဲ့ပြီး ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကို တတ်ရောက်ထားတဲ့အပြင် အက်အေဖလားမှာလည်း ဆီမီးဖိုင်နယ်ကို တတ်လှမ်းထားခဲ့ပါတယ်။ တူဟယ်လ်ဟာ ချယ်လ်ဆီးအသင်းကို လုံးဝရှံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်တာကြောင့် သူတို့အသင်းအနေနဲ့ ရာသီအကုန်မှာ လက်ကျန်ဖလားပြိုင်ပွဲ (၂)ခုလုံးအတွင်း အောင်မြင်မှုတွေ ရယူနိုင်ဖွယ်ရှိတယ်လို့ ဘန်ချီဝဲလ်က ယုံကြည်လို့နေပါတယ်။

Photo Credit : Goal

ဗြိတိန်ရဲ့ နာမည်ကျော် သတင်းစာတစ်ခုဖြစ်တဲ့ The Telegraph နဲ့ ဘန်ချီဝဲလ်တို့ အင်တာဗျူးလုပ်နေစဉ်အတွင်း ချယ်လ်ဆီးအသင်းအနေနဲ့ ဒီရာသီမှာ ဆုဖလား(၂)လုံး ရယူနိုင်မလားလို့ မေးမြန်းလာခဲ့ရာ ဘန်ချီဝဲလ်က “ရာနှုန်းပြည့်ကို ဖြစ်နိုင်ခြေရှိပါတယ်။ ကျွန်တော်တို့က ပြိုင်ပွဲ(၂)ခုမှာ ဆက်လက်ကစားနေရဦးမှာဖြစ်ပြီးတော့ အသင်းရဲ့လက်ရှိကစားပုံကလည်း ကောင်းမွန်နေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒါက ကျွန်တော်တို့ ပြောဆိုရမယ့် အကြောင်းအရာ မဟုတ်ပါဘူး။ ဒါက ချယ်လ်ဆီးတစ်သင်းလုံးရဲ့ စိတ်ထဲမှာ ထားရှိထားရမယ့် အရာဆိုပေမယ့် အခုလက်ရှိမှာတော့ ဒါတွေကို တွေးတောထားဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေအတွင်းမှာ ပိုမိုကောင်းမွန်လာအောင် ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်သလို ပွဲတိုင်းကိုလည်း တူညီတဲ့ စိတ်သဘောထားတွေ ယှဉ်ပြိုင်သွားဖို့ပါ လိုအပ်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ တွေ့ဆုံနေတာဖြစ်လို့ နောက်တစ်ဆင့်ကို ထပ်မံတတ်လှမ်းသွားနိုင်ဖို့ ရာခိုင်နှုန်း များပြားလျက်ရှိနေပြီး အက်အေဖလားပြိုင်ပွဲရဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲစဉ်ကတော့ ချယ်လ်ဆီးကို ပုံစံကောင်းတွေ ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနေတဲ့ နည်းပြတူဟယ်လ်အတွက် အသေအချာ အစမ်းသပ်ခံရမယ့်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။

The post ဒီရာသီမှာ ချယ်လ်ဆီးအသင်း ဖလား(၂)လုံး ရယူနိုင်ဖို့က ရာနှုန်းပြည့်ကို ဖြစ်နိုင်ခြေရှိတယ်လို့ ဘန်ချီဝဲလ်ပြောဆို appeared first on MySport Myanmar.